ဒီနှစ် ရန်ကုန်မှာ BIRTHDAY SHOW လုပ်မယ့် စိုင်းစိုင်း

122

မန္တလေးပရိသတ်တွေအတွက်လည်း အစီအစဉ်ရှိပါတယ်။

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က နှစ်တိုင်းပြုလုပ်နေကြ Birthday Show ပွဲကြီးကို မကြာခင်ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ရန်ကုန်မှာပဲကျင်းပပြုလုပ်မှာ ဖြစ်ပြီး မန္တလေးအတွက် အစီအစဉ်ကိုလည်း ပြောပြခဲ့ပါတယ်။


” မနှစ်ကတော့ Birthday Show ကို မန္တလေးမှာ လုပ်ခဲ့တာပါ။ အဲ့ဒီအတွက် ဒီနှစ်တော့ Birthday Show ကို ရန်ကုန်မှာ ပြုလုပ်ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ပရိသတ်တွေကိုလည်း ကျွန်တော့်ရဲ့ Page ကနေပြီးတော့ Vote လုပ်ခိုင်းတဲ့ အခါမှာ ရန်ကုန်က ပိုများတာ တွေ့ရပါတယ်။ နောက်တစ်ခုကကျတော့ မနှစ်က မန္တလေးမှာကျင်းပခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်တော့ ရန်ကုန်မှာ ပြုလုပ်ကျင်းပခွင့်ပေးပါလို့ မန္တလေးပရိသတ် ကြီးကို တောင်းပန်ချင်ပါတယ်” လို့ စိုင်းစိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ပြောခဲ့ပါတယ်။


Birthday Show ကို မန္တလေးမှာ မလုပ်ဖြစ်ပေမယ့် Frenzo Show ကိုတော့ မန္တလေးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

” မန္တလေးမှာ Show မဆိုဖြစ်တာ တစ်နှစ်တိတိရှိသွားပါပြီ။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပဲနဲ့ ကျွန်တော့်ရဲ့ Frenzo Artis တွေ၊ သူငယ်ချင်းတွေဖြစ်တဲ့ Snare အဖွဲ့၊ G Fatt ၊Bunny Phyo စတဲ့အဆိုတော်တွေကလည်း မန္တလေးမှာ သီချင်းမဆိုဖြစ်တာကြာပါပြီ။ အဲ့ဒီအတွက် မန္တလေးမှာ Frenzo Show ကို လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ မန္တလေးမြို့က Golden Hotel မှာ Frenzo Show မှာ စိုင်းစိုင်းခမ်းလှိုင်၊ Bunny Phyo ၊ Snare ၊ G Fatt အစရှိတဲ့ အဆိုတော်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားမယ်” လို့ သူကဆိုပါတယ်။


ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် စိုင်းစိုင်းရဲ့ Birthday Show ကို ရန်ကုန်မှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာတော့ စိုင်းစိုင်းက စိုင်းစိုင်း ဆိုတဲ့ Album ထွက်လာတော့မှာဖြစ်တဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ Frenzo Show မှာရော Birthday Show မှာပါ သီချင်းအသစ်တွေနဲ့ အတူ ပရိသတ်တွေ ပျော်ရမယ်လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းဖေ့စ်ဘုတ်

Credit to Duwun