အမျိုးသမီးများလက်ထပ်လျှင် ပြီးပြည့်စုံတဲ့အမျိုးသားကို စောင့်မနေဖို့ တရုတ်အစိုးရသတိပေး

200

တရုတ်အမျိုးသမီးငယ်များ အိမ်ထောင်ဘက်ရွေးချယ်ရာမှာ ပြီးပြည့်စုံတဲ့လူကိုပဲ စောင့်မျှော်နေတဲ့ အိပ်မက်တစ်ခုကို စွန့်လွှတ်ပြီး တော်ရုံသင့်တော်သူလောက်တွေ့ခဲ့ရင် လက်တွဲဖို့ အစိုးရက တိုက်တွန်းလျက်ရှိပါတယ်။ လက်ရှိတရုတ်နိုင်ငံမှာ ပင်စင်စား သက်ကြီးရွယ်အိုဦးရေသာ တိုးလာပြီး မွေးဖွားနှုန်း ကျဆင်းလာတဲ့အတွက် အခုလိုထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၎င်းထုတ်ပြန်ချက်စာကို People’s Daily သတင်းစာမှာ ပုံမနှိပ်ခင် Sichuan Daily သတင်းစာမှာ အရင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဆောင်းပါးမှာ ရေးထားတာကတော့- “အိမ်ထောင်ရေးဆိုတာ တစ်ဦးနဲ့တစ်ဦးသည်းခံပြီး တည်ဆောက်ရတာပါ။ အရာရာကိုယ့်သဘောအတိုင်း မဖြစ်နိုင်ပါဘူး။ အားလုံးပြည့်စုံရမယ်ဆိုတဲ့ အယူအဆကို ပြောင်းလဲပြီး လက်တွေ့ဘဝကို ပြန်လာပါ။ အရာရာမပြီးပြည့်စုံပေမယ့် သင့်ဘဝက ပျော်ရွှင်မှာပါ” ဆိုကာ ပါဝင်ပါတယ်။

တရုတ်နိုင်ငံမှာ (၂၀၁၅)ခုနှစ်အထိ ရှိခဲ့တဲ့ အိမ်ထောင်တစ်ခုကို ကလေးတစ်ယောက်သာ မွေးရမယ်ဆိုတဲ့ ဥပဒေကြောင့် အခုဆိုရင် ယောက်ျားမိန်းမဦးရေ မညီမျှမှုတွေဖြစ်လာပါပြီ။ အိမ်ထောင်မပြုခြင်းကြောင့် မွေးဖွားနှုန်းတွေ ကျဆင်းလာပြီး လာမယ့် ဆယ်စုနှစ် (၃)စုအတွင်းမှာ လူပျိုအပျိုဦးရေ သန်း (၃၀)အထိ တိုးလာနိုင်တဲ့အကြောင်းကို အစိုးရက ပူပန်လျက်ရှိပါတယ်။

အခုဆိုရင် သူတို့ဆီက အသက် (၂၀)ကျော်မိန်းကလေးတွေကို လူပိုတွေလို့ ခေါ်ကြပြီး ပြီးပြည့်စုံတဲ့လူနဲ့ အိမ်ထောင်ပြုဖို့ စောင့်မျှော်နေကြခြင်းအပေါ် ပြစ်တင်ရှုံ့ချနေကြပါတယ်။ ဆောင်းပါးထဲမှာ ဆက်ပါတာကတော့-“လူလွတ်တွေများလာရခြင်းဟာ ပြီးပြည့်စုံသူကို စောင့်နေခြင်းကြောင့်ဖြစ်ပြီး သင့်တော်သူနဲ့ လက်ထပ်ခြင်းတွေကို တားဆီးစေပါတယ်။ စံနှုန်းတွေ သိပ်မမြှင့်ထားဘဲ ညှိနှိုင်းခြင်းက သဘောထားကြီးရောင့်ရဲခြင်းကို ပြသတာပါ” ဆိုပြီးဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ (၂၀၁၆)ခုနှစ်ကစပြီး အိမ်ထောင်ပြုနှုန်း (၇)ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီး (၂၀၁၇)မှာ မွေးဖွားနှုန်းဦးရေ (၆၃၀,၀၀၀)အထိ ကျဆင်းလာခဲ့ပါတယ်။ မျိုးဆက်သစ်နည်းပါးခြင်းက နိုင်ငံ့လုပ်အားကို လျော့ကျစေပြီး တိုးပွားလာတဲ့ ပင်စင်စားတွေအတွက် ထောက်ပံ့ရာမှာ အခက်အခဲဖြစ်ပေါ်စေပါတယ်။ အခုဆိုရင် တရုတ်အစိုးရရဲ့ လူငယ်အသင်းက စုံတွဲတွေဖြစ်လာစေဖို့ ချိတ်ပေးတဲ့ အစီအစဉ်တွေကိုပါ ပြုလုပ်နေရပြီဖြစ်ပါတယ်။

Credit to Shwemom